၃ - နံပါတ်ဝိပဿနာရှုနည်း

ဝိပဿနာပါရဂူကျမ်းလေးစောင်တွဲမှ
 ၃-နံပါတ်ဝိပဿနာရှုနည်း (မူဟောင်း)




ဤနည်းသည်၊ အလွန်တရာ ပါရမီ ထက်မျက်သည့် တိက္ခပညာ ခိပ္ပါဘိည ပုဂ္ဂိုလ်များမှာ၊ တထိုင်တည်း နှင့်လည်း မဂ်၊ဖိုလ်ကို ရတတ်၏၊ ၄ - ၅ - ၁၀ ခါ ထိုင်ရုံနှင့်လည်း မဂ်၊ဖိုလ်ကို ရတတ်၏။ ရတာကိုလည်း ဖြမ်းမျှခြင်းအားဖြင့် လူ - ၁၀၀ တွင် ၄ -  ၅ - ၁၀ ယောက်လောက် ရှိလိမ့်မည်ဟု ထင်မိ၏။     ။ သို့အတွက်။ ဤနည်းအတိုင်း အားထုတ်မည်ပြုလျှင်။ အတိတ်ဘဝများကစ၍ ယခုအချိန်အထိ ပြုပြုသမျှသော ကုသိုလ်ကံတို့၏ အကျိုးကြောင့်၊ ယခုအားထုတ်ရာတွင်။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရပါလို၏ဟု ဆုတောင်းပြီးလျှင်၊ အကယ်၍ မဂ်ဖိုလ်ကိုရောက်လျှင်လည်း၊ တနာရီကြာအောင် နိဗ္ဗာန်ကို မျက်မှောက်ပြုလျှက် နေရပါစေသတည်းဟု ဓိဋ္ဌာန်ပါ။ ဤသို့ ဓိဋ္ဌာန်ပြီးမှ အားထုတ်ပါ။

တထိုင်တည်းနှင့် ရနိုင်သော ကျမ်းဂန်အကိုးအကား

ဤကျမ်းတွင်၊ တထိုင်တည်းနှင့်၊ တရားထူးကို ရနိုင်ကြောင်း ဖော်ပြထားသည်မှာ အမှန်အတိုင်းဖြစ်၏၊ ကိုယ်တိုင် ကြုံတွေ့ဘူးပေါင်းလည်းများလှပါပြီ။ အချို့သောဌာနများတွင်လည်း ရှိပါသည်။ သုတ်မဟာဝါ ပါဠိတော်၌လည်း၊ ၇ရက်အတွင်း၊ ရဟန္တာတောင် ဖြစ်နိုင်ကြောင်းပါရှိ၏။ ဝိသုဒ္ဓိမဂ်တွင်လည်း၊ တိက္ခပညာ ပုဂ္ဂိုလ်များမှာ၊ နံက်နေထွက်မှ နေဝင်အတွင်း ညနေနေဝင်မှ၊ နံက်နေထွက်အထိအတွင်းတွင် ရနိုင်၏ဟုပါရှိ၏၊ ထိုထက် အလွန်ပညာ ပါရမီထက်သော ပုဂ္ဂိုလ်များမှာ၊ တထိုင်တည်း အတွင်းမှာတောင် ရနိုင်ကြောင်း ဖော်ပြထား၏။ ဖော်ပြထားပုံမှာ -

ရူပါရူပဓမ္မေ - ရုပ်နာမ်တရားတို့ကို၊ သင်္ခေပေနေဝ - ရုပ္ပနဋ္ဌေနရူပံ - နာမနဋ္ဌေနနာမံဟု အကျဉ်းအားဖြင့်သာလျှင်၊ ပရိဂ္ဂဟေတွာ - သိမ်းဆည်းပြီး၍၊ တေသံ - ထိုရုပ်နာမ်တရားတို့၏၊ ပစ္စယေစ - အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ကံ ဥပါဒါန်အစရှိသော၊ အကြောင်းတို့ကိုလည်း၊ သင်္ခေပေနေဝေ - အကျဉ်းအားဖြင့်သာလျှင်၊ ပရိဂ္ဂဟေတွာ - သိမ်းဆည်း၍၊ ဝိပဿနာဉာဏံ - ဝိပဿနာဉာဏ်ကို၊ စာရေန္တော - တောက်တပိုစိုင်းနှင်သော၊ ဉာဏုတ္တရော - လွန်ကဲသော ဉာဏ်ရှိသည်ဖြစ်၍၊ ယထာနိ သိန္နောဝ - နေရာမပြင်ဘဲ, နေမြဲတိုင်းသော ဣရိယာပုတ်ဖြင့်သာလျှင်။ ဉာဏပဋိပါဋိယာ - ဥဒယဗ္ဗယမှ အနုလောမဉာဏ် အစဉ်အားဖြင့်၊ ခိပ္ပမေဝ - လျှင်မြန်စွာသာလျှင်၊ သစ္စာနိ - သစ္စာလေးပါးတို့ကို၊ ပဋိဝိဇ္ဈန္တော - ထိုးထွင်း၍သိသော ပုဂ္ဂိုလ်သည်၊ ဧကပ္ပဟာနေန - တပြိုင်နက်အားဖြင့်၊ ဝါ၊ အဇ္ဈတ္ထ ဗဟိဒ္ဓစသော၊ ဝေဘန်ခြင်းကိုမပြုတစုတည်းသာလျှင်၊ ပဉ္စဟိခန္ဓေဟိ - ခန္ဓါငါးပါး ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့မှ၊ ဝုဋ္ဌာတိ - ထ၏။

အဘယ်ကြောင့် မဂ်ဖိုလ်ကို အရမြန်သနည်း။

ဤနည်းသည်၊ အဘယ်ကြောင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို အရမြန်တတ်သနည်းဟူမူ။ ဤနည်းသည် ရေဘုယျအားဖြင့် အနိစ္စ အစရှိသော၊ ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ် တို့ကို၊ လျှင်မြန်စွာ တွေ့လွယ်တတ်၏။ ဤဉာဏ်များကို တွေ့သောအခါ၊ ပါရမီထူးသော တိက္ခိန္ဒြိယ မဟာပညာနှင့် ပြည့်စုံသော ခိပ္ပါဘိည ပုဂ္ဂိုလ်များမှာ မီးခဲပြာဖုံးဟူသော ဥပမာအရ ပြာကိုလေကတိုက်၍ မီးခဲကြီး ချက်ချင်းရဲလာသလို, အနိစ္စကို ကောင်းစွာ မြင်လိုက်သည်နှင့် တပြိုင်နက် ဟုတ်ခနဲ အထက်ဉာဏ်များသို့ဆက်လျက် မဂ်ဖိုလ်ကိုဆိုက်၍ သွားသည်ဟု ယူဆယုံကြည်ပါသည်။     ။ ပဋိသမ္ဘီဒါမဂ် ပါဠိတော်တွင်လည်း ရှိပါသည်။ ရှိပုံမှာ……..။

အနိစ္စမြင်လျှင် မဂ်လေးတန်နှင့်လျော်၏။

ဘိက္ခဝေ ရဟန်းတို့ ဝက - စင်စစ်သော်ကား၊ ဘိက္ခူရဟန်းသည်၊ သဗ္ဗသင်္ခါရေသု - အလုံးစုံသော သင်္ခါရတို့၌ အနိစ္စတော - အနိစ္စအားဖြင့်၊ အနုပဿန္တော - ရှုမြင်နိုင်သည်ရှိသော်၊ အနုလောမိကာယ - မဂ်လေးတန် အားလျော်သော ခန္တီယာ - ဝိပဿနာဉာဏ်နှင့်၊ သမန္နာ ဂတော - ပြည့်စုံသည်၊ ဘဝိဿတိ ဖြစ်လတံ့။ ၎င်းပြင်၊ ပုဂ္ဂလပညတ် အဋ္ဌကထာ၌လည်း။…….

ဗလဝ ဝိပဿနာရောက် မဂ်ဖိုလ်ပေါက်။

ယဿ သဒ္ဓါ ဗလဝတီ ဝိပဿနာ စ အာရဒ္ဓါ၊ တဿ ဂစ္ဆန္တဿ - တိဋ္ဌန္တဿ - နိသိဒန္တဿ နိပ္ဖဇ္ဇန္တဿ ခါဒန္တဿ ဘုဇ္ဇန္တဿ မဂ္ဂဖလ ပဋိဝေဒေါနာမ နတ္ထီတိ နဟောတိ။
အနက်မှာ။ ယဿ - အကြင်ဝိပဿနာ ဗလဝဉာဏ်ရှိသော ယောဂီအား၊ သဒ္ဓါစ - ယုံကြည်ခြင်းလည်း၊ ဗလဝတီ - အားရှိလာသည်၊ ဟောတိ-ဖြစ်၏။ ဝိပဿနာစ - ဝိပဿနာကိုလည်း၊ အာရဒ္ဓါ - အပတ်တကုတ် အားထုတ်၏၊ တဿ - ထိုယောဂီအား၊ ဂစ ္ဆန္တဿ - သွားနေစဉ်၊ တိဋ္ဌန္တဿ - ရပ်နေစဉ်၊ နိသိဒန္တဿ - ထိုင်နေစဉ်၊ နိပ္ဖဇ္ဇန္တဿ - လျောင်းနေစဉ်၊ ခါဒန္တဿ - ခဲနေစဉ်၊ ဘုဇ္ဇန္တဿ - စားနေစဉ်၊ မဂ္ဂဖလ ပဋိဝေဒေါနာမ - မဂ်ဖိုလ်တရားကို ထိုးထွင်း၍ သိခြင်းမည်သည်၊ နဟောတီတိ - မဖြစ်ဘူးဟူ၍၊ နတ္ထိ - မရှိ။
မှတ်ချက်။     ။ဝိပဿနာဗလဝဉာဏ်ဆိုတာ၊ ဘင်္ဂဉာဏ်ပင်ဖြစ်၏။     ။မြန်သည်ဆိုသော်လည်း၊ ဘယ်လောက်ဘဲ မြန်သည်ဖြစ်စေကာမူ၊ ဝိပဿနာဉာဏ်များမှာ အစဉ်လိုက်ပင်တက်၍ သွားရ၏။ ခုန်ကျော်၍မသွားနိုင်၊ သို့ရာတွင်၊ မြန်အားကြီးလျှင် ဉာဏ်စဉ်ကို ကွဲကွဲပြားပြား မပြောနိုင်ကြပေ၊ မပြောနိုင်သောကြောင့်၊ မမှန်ဘူးဟူ၍မဆိုရ။ ဥပမာမှာ၊ စက္ကူများစွာကိုထပ်၍၊ သံမှိုနှက်လျှင်၊ ထောက်ခနဲ ဟူသော အသံထွက်ပြီး ပေါက်သွားမည်၊ ထိုအခါ၊ အကုန်လုံးပေါက်သွားတဲ့ အသံကိုသာ ကြားရသည်၊ တချပ်စီ ဖေါက်သွားတဲ့ အသံကိုတော့ ဘယ်လိုဘဲဟု ခွဲခြား၍ မပြောတတ်ကြပေ၊ မပြောတတ်ပေမဲ့ စက္ကူမှာ၊ တချပ်ပြီးမှတချပ် အစဉ်လိုက် ပေါက်သွားသည်မှာ၊ သံမှိုသည် ထုတ်ချင်းဖေါက်၍၊ အောက်ကပျဉ်ပြားထည်း၊ စူးဝင်သွားခြင်းက သက်သေခံလျက်ရှိပေပြီ။     ။သို့အတွက်၊ ဝိပဿနာဉာဏ်တွင်လည်း၊ လျင်မြန်အားကြီး၍၊ ယောဂီက၊ တမျိုးစီခွဲ၍ မပြောနိုင်သော်လည်း၊ ဖလသမာပတ်ကို ဝင်စားနိုင်တာက၊ သက်သေခံလျက် ရှိပေသည်။ သို့ရာတွင်၊ အချို့သော ကမ္မဋ္ဌာနာစရိယများက၊ သူတို့ပြတဲ့နည်းက၊ နှေးသောနည်း ဖြစ်သောကြောင့်၊ မြန်တာကို၊ မဟုတ်ဘူးဆိုရမှာလဲအခက်၊ ဟုတ်တယ်ဆိုရမှာလဲအခက်၊ ဖြစ်၍နေကြောင်း၊ ကျွနု်ပ်ကို ပြောဘူးသည်။     ။ထိုအခါ ကျွနု်ပ်က ပြန်၍ပြောပြသည်မှာ မြန်သော ခိပ္ပါဘိည အကြောင်းကိုသိချင်လျှင်၊ ဘူတရုပ်ရှုနည်းကို၊ ၆-လ လောက်၊ နေ့မအိပ် - ညမအိပ်၊ တဆက်ထည်း အားထုတ်၍ကြည့်ရန် အကြံပေးလိုက်ပါသည်။     ။၎င်းပြင်၊ အရှင်ပစ္စေကဗုဒ္ဓါများတောင်၊ ကိုယ်သာသိ၍၊ သူတပါးကို မပြောတတ်ကြသည်ကိုလည်း၊ သတိပြုအပ်လှသည်။ မြန်အားကြီးသော ယောဂီမှာ၊ ဖြစ်ပျက်တွေ့တယ်၊ ငြီးငွေ့တယ်၊ လွတ်မြောက်ချုပ်ငြိမ်းတယ်၊ ဒါလောက်ဘဲ၊ ပြောတတ်ပါသည်။     ။အချို့ကတော့ခါ။ ဘုရားလက်ထက်ကသာ မြန်သည်၊ ယခုခေတ်မှာ၊ မြန်တဲ့လူ - မရှိနိုင်ဘူးဟု ထင်တတ်ကြသည်။ အထက်က - မြန်ကြောင်းကို ဖော်ပြသော ပါဠိများမှာ၊ တိက္ခပညာခိပ္ပါဘိည ပုဂ္ဂိုလ်ထူးများအတွက် ဟောထားခြင်းဖြစ်သည်။ အခါကာလကိုအကြောင်းပြု၍ ဟောတာမဟုတ်ပါ။ သို့ရာတွင် - ကိုယ်တိုင်ပြ၍၊ မြန်တာကို မတွေ့ဘူးတဲ့ ပုဂ္ဂိုလ်များနှင့် မကြားဘူးတဲ့ ပုဂ္ဂိုလ်များကမူ၊ မကြုံဘူး၍၊ အယုံရခက်နေခြင်းသာ ဖြစ်ပါသည်။ တချို့ကလည်း၊ ယခုခေတ်တွင်၊ ပါရမီကြီးတဲ့ ပုဂ္ဂိုလ်တွေ မရှိနိုင်ဘူးတောင်မှ၊ ထင်ကြသေးသည်။ “မှားလေစွ”…….. 

၃ - နံပါတ် ဝိပဿနာရှုပုံ

 ဤနည်းမှာ၊ ပါရမီထူးသော၊သူများသည်၊ ကျမ်းဂန်အတိုင်း တထိုင်တည်းနှင့်၊ အောင်မြင်သည်ကို တွေ့ကြုံဘူးပါ၏။ သို့ရာတွင်၊ ရှုရတာလွယ်သည်ဖြစ်၍၊ ကလေး-လူကြီး-လူအို-တနေ့လုံး အားလပ်ခွင့် မရသော သားသည်အမေများပင် အားထုတ်နိုင်၏။
 ဤနည်းအတိုင်းရှုရန်မှာ ဘုရားရှိခိုးခြင်းစသည့်၊ ပုဗ္ဗကိစ္စများကိုပြုပြီး ပြီးလျှင်၊ အနည်းဆုံး၊ နှစ်နာရီအားထုတ်ပါမည်ဟု-ဓိဌာန်၊ ကြာကြာကြီးထိုင်နိုင်မည့်အနေအထား အတိုင်းထိုင်၊ ကိုယ်ကိုအလိုက်သင့်ထား၊ တင်း၍တောင့်၍မထားနှင့်၊ ရှေးကကြားဘူးနားဝရှိသမျှ၊ ဘာကိုမျှမတွေးတောနှင့်၊ မိမိ၏ခန္ဓာကိုယ်သည် ဓာတ်လေးပါးတို့၏ အစုအဝေးသာလျှင်ဖြစ်သည်၊ ဓာတ်လေးပါးမှလွဲ၍ ဘာမျှမရှိ၊ သို့ဖြစ်၍၊ ကိုယ်၌ပညာရှိ ကြည့်-ကြည့်လျှင်၊ ဓာတ်လေးပါးကိုသာတွေ့မည်၊ ဘယ်လိုဘဲတွေ့တွေ့၊ ကိုယ်တွင်ထိတွေ့ရသမျှ။ ဓာတ်လေးပါးဘဲဟူ၍သာ သဘောထားပြီးလျှင်၊ မျက်စေ့မှိတ်၊ စိတ်ကိုရင်ဝဆီမှာထား။ ရင်ဝမှာစိတ်ကိုထားသောအခါ၊ ရင်ဝ.တဝိုက်ဆီ၌၊ ထွက်သက် ဝင်သက်တို့၏ သတ္တိကြောင့်၊ လျော့မှု တင်းမှု ဖေါဋ္ဌဗ္ဗသဘောတို့ကို တွေ့တတ်သည်၊ သို့ရာတွင်၊ စိတ်သည်၊ ရံဖန်ရံခါ၊ တခြားသို့ ရောက်သွား တတ်သည်၊ ရောက်သွားမှန်းသိလျှင်၊ ရင်ဝမှာပင်ပြန်၍ထား၊ ကြံ-တွေးခြင်းကို မပြုနှင့်၊ ကြာလျှင်စိတ်သည် တည်ငြိမ်၍ ရင်ဝမှာ အနေများလာလိမ့်မည်၊ ထိုအခါ သမာဟိတော ဘိက္ခေ၀ ယထာဘူတာ ပဇာနာတိ၊ ဟူသောပါဠိအရ၊ သမာဓိနဲနဲရှိလာပြီဖြစ်၍၊ မဟာဘုတ်ဓာတ်တို့ကို၊ အဆင်သင့်သလို၊ တွေ့လာတတ်သည်၊ တွေ့တတ်ပုံမှာ၊ ရင်ထည်း၌၊ လေးတေးတေး၊ နင့်တင့်တင့်၊ ကြတ်တတ်တတ်၊ ရှိန်တိန်တိန်၊ ရွတတ-စသည်တို့ဖြင့်၊ အဆင်သင့်သလို တွေ့လာလိမ့်မည်၊ ထွက်သက် ဝင်သက်၏ သတ္တိကြောင့်၊ လျော့မှု-တင်းမှုတို့မှာ၊ အစကတည်းက ရှိနေသည်၊ ထိုတွေ့တဲ့ သဘောတွေသည်၊ မဟာဘုတ်ဓာတ် ရုပ်ကလာပ်တို့၏၊ သဲလွန်စတွေဖြစ်သည်၊ ဤသို့ရှုနေတာ၊ နာရီဝက်လောက်ကြာလျှင် ခြေထောက်ကညောင်းညာ ကိုက်ခဲ၍ လာတတ်သည်၊ တော်ရုံသဖြင့် ဆိုလျှင်၊ သည်းခံ၍နေပါ၊ မခံနိုင်လောက်လျှင် မူကား၊ ရင်ဝ၌ ထားသောစိတ်ကို မလွှတ်ဘဲ၊ ရှုခြင်းကို မလစ်စေမူ၍၊ ဖြည်းဖြည်း ကလေး နေရာပြင်၍ ထိုင်ပါ၊ ပြီးလျှင်၊ နောက်ထပ် နေရာမပြင်ဘဲ မနေနိုင်အောင် မညောင်းမခြင်း၊ နေရာမပြင်ဘဲ၊ ဆက်၍ရှုသွားပါ၊ ရှုသွားရင်း၊ ကိုယ်အတွင်း၌၊ ဖြစ်-ပျက် တွေများများ တွေ့လာတတ်သည်၊ ဘယ်လိုဘဲတွေ့တွေ့၊ စိတ်ကို ရင်ဝမှာပင်ထားပါ၊ ခန္ဓာကိုယ်၌ ဖြစ်ပျက်သမျှ၊ အလုံးစုံကို၊ အလိုလိုသိလျှက်နေပါ လိမ့်မည်၊ နှစ်နာရီ ပြည့်လျှင်၊ ခေတ္တ နားချင်နားပါ၊ မနားဘဲဆက်၍ အားထုတ်သွားလျှင်၊ သာ၍ကောင်းသည်၊ အညောင်းမခံနိုင်သောသူများမှာ၊ ပဋ္ဌမနှစ်နာရီထိုင်ပြီးလျှင်၊ နောက်ထပ်အကြိမ်များ၌၊ လျောင်းလျက်-ပက်လက်၊ ကြိုက်သလိုနေ၍ရှုနိုင်သည်။     ။ဤနည်းသည်၊ သုခပဋိပဒါ ပုဂ္ဂိုလ်များ၌ ကောင်းစွာတွေ့ရ၍၊ သက်သာစွာရှုနေရင်း၊ မဂ်ဖိုလ်သို့ ဆိုက်တတ်သည်၊ ဒုက္ခပဋိပဒါ ပုဂ္ဂိုလ်များမှာ၊ ခန္ဓာကိုယ်ထည်း၌၊ ဒုက္ခဝေဒနာတွေကို တွေ့တတ်သည်၊ တစထက် တစ တိုး၍ ပြင်းထန်လာတတ်သည်၊ ပူလျှင်လည်း၊ ပြင်းစွာပူူတတ်သည်၊ နာကျင်ခံခက်လျှင်လည်း။ပို၍ကဲလာတတ်သည်၊ တခါတရံ ရင်ထည်း ဝမ်းထည်း၌ တင်းကြတ်လျက်၊ စု၍ဆုတ်ထားသကဲ့သို့ဖြစ်လာတတ်သည် တခါတရံလဲ အထက်သို့ပျို့၍ တက်လာသလို ဖြစ်တတ်သည် ပြင်းစွာဖျားသောသူများပမာ- ဒုက္ခဝေဒနာ အမျိုးမျိုးကို ခံရတတ်သည်။ ဘယ်လိုဘဲ ပြင်းထန်ပြင်းထန်၊ ငရဲ ခံရတာလောက် မဆိုးဘူးဟု သဘောထားပါ ပို၍ ပြင်းထန်လေ၊ နိဗ္ဗာန်နှင့်နီးလေဟုယုံကြည်လျက်၊ ဆက်၍ပင်ရှုနေပါ၊ စိတ်ကိုမလျှော့ပါနှင့် လျှော့လျှင်၊ ဝေဒနာနုပဿနာ မဖြစ်တော့ဘူး၊ မလျှော့ဘဲ ဆက်၍ရှုသွားလျှင်၊ ဒီတစ်ချီထည်းနှင့်ပေမဲ့၊ ဒုက္ခဆုံးပြီး၊ နိဗ္ဗာန်သို့မျက်မှောက်ပြုရတတ်သည်၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုမိလျှင်ဝေဒနာကို မခံစားရတော့ပေ၊ ဝေဒနာတွေရော၊ ရှုနေတဲ့စိတ်ပါချုပ်ငြိမ်း၍ သွားလိမ့်မည်၊     ။အကယ်၍၊ ပဋ္ဌမအကြိမ်၌၊ နိဗ္ဗာန်ကို မျက်မှောက် မပြုရလို့ရှိလျှင်လည်း၊ ပညာပါရမီ ပြည့်ဝပြီးသော ပုဂ္ဂိုလ် များမှာ၊ နောက်ထပ်ဆက်၍ နေ့စဉ်အားထုတ်လျှင်၊ ၄ - ၅ - ၁၀ - ကြိမ်အတွင်း၌၎င်း ၄ - ၅ - ၁၀ - ရက်အတွင်း၌ သော်၎င်း၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို၊ ရတတ်ပါသည်။    ။ သို့ရာတွင်၊ ဤနည်းသည်၊တိက္ခပညာ-ခိပ္ပါပုဂ္ဂိုလ်များအတွက်၊ လျှင်မြန်တတ်သည်ဖြစ်သာ်လည်း၊ ဒန္ဒါဘိညပုဂ္ဂိုလ်များမှာ၊ မမြန်ပါ၊ မမြန်ရုံမျှမက၊ အချို့မှာ၊ ဤနည်းဖြင့် ဆက်ခါဆက်ခါပြတာတောင်၊ ဝိပဿနာဉာဏ်ကောင်းကောင်းမထင်ပါ၊ အချို့မှာ၊ ဤနည်းဖြင့်ပြလို့၊ အလျှင်းပင်မဖြစ်ပါ။ အခြားနည်းများဖြင့် ပြောင်း၍ပြရပါသည်။ အချို့မှာ၊ ဘယ်နည်းနှင့်မှ ပြလို့မရပါ၊ ဤကားအတိတ်ပါရမီနှင့် ပစ္စုပ္ပန် အကြောင်းများအတိုင်းဖြစ်ရသည်ဟု၊ ကျမ်းဂန် အတိုင်းသာ ယူဆရပါမည်။     ။ ယခုဘဝတွင် အားထုတ်၍မရနိုင်သောသူများမှာလည်း၊ အားမလျှော့ထိုက်ပါ၊ အားမလျှော့ဘဲ၊ မရ-ရရ-ခဏခဏ ဖြစ်စေ၊ အမြဲတန်းဖြစ်စေ၊ ဂရုစိုက်၍ရှုလျှင်၊ နောက်ဘဝတခုခု၌၊ တရားနာရက ကျွတ်တန်းဝင်မည်မှာ၊ သေချာပါသည်။     ။ ယခုဘဝတွင် အားထုတ်၍ ရနိုင်သောပါရမီရှင်များမှာ၊ ယခုဘဝတွင် ရနိုင်ပါသည်၊ ဤနည်းဖြင့် တကြိမ်ထည်းနှင့်ပင် ရဟန္တာအထိဖြစ်သော သောဏာထေရီ ဘိက္ခူနီ၏ သာဒကရှိပါသည်။ ၎င်းထေရီမသည်လည်း၊ ယခုခေတ်လူများလို နေယျပုဂ္ဂိုလ်စားထည်းကပင်ဖြစ်ပါသည်။

လယ်တီဆရာတော်ဘုရားကြီး၏ ရစနာဂါထာ

 ယေ-အကြင်ပုထုဇဉ်တို့သည်၊ ဗဟိဒ္ဓံ အပပစ္စည်းလောကီစည်းစိမ်ကြီးတွေကိုသာ၊ ဂဝေသရေဂဝေသန္တိ- အပန်းတကြီးရှာမှီး၍ နေကြလေကုန်၏။ တေ-ထိုအပြင်ဘန်းကြိုက်ပုထုဇဉ်အမိုက်တို့သည်၊ အဇ္ဈတ္တံ-မိမိကိုယ်တွင်း၌ ရှိသောတကယ့်အဘိုးတန်သံသရာဝဋ်မှ လွတ်ကျွတ်နိုင်ကုန်သောပရမတ်တရား ဓာတ်တရားတို့ကိုမူကား။ နဇာနန္တိ-သိမည်ဝေးစွရေးရေးမျှမထင်မမြင်နိုင်ကြလေကုန်၊ အဇ္ဈတ္တံ-မိမိကိုယ်အတွင်း၌ရှိသော တရားစစ်တရားမှန်တို့ကို၊ အဂဝေသန္တာ-မကြံမဆမရှာဘဲ နေတတ်ကြကုန်သောကြောင့် မုဠာ- အတွင်းသန္တာန်၌ အသိဉာဏ်မဆိုက် အမှောက်ကြီးမိုက်ကြကုန်လျက်၊ ဝဋ္ဋမှီ- သုံးဆယ့်တဆိုင်ခရိုင် တလွှားဝဋ်သုံးပါး၌၊ ဒုက္ခရေဒုက္ခန္တိ-ဘေးအတန်တန် ရန်အဖုံဖုံ အဆင်းရဲတွေစုံလှသော ဒုက္ခဘုံ သံသရာထည်း၌ တဝဲလယ်လယ်နေကြရလေကုန်သတည်း။
 အဓိပ္ပာယ်လိုရင်းမှာ။     ။အဇ္ဈတ္တ ဘူတရုပ် တရားတွေ၊ မိမိတို့ကိုယ်တွင်းမှာအရှိသားနှင့်၊ တွေ့အောင်ကြံဘန်ရှာဖွေခြင်းမပြုတတ်ကြသဖြင့်၊ ပရမတ်တရားတွေကိုမတွေ့ရဘဲ၊ သံသရာတည်းမှာ တဝဲလည်လည်၊ အတည်မကျ၊ ဒုက္ခတွေ ဗလပွနှင့်၊ နေကြရလေကုန်၏ ဟူ၍ဖြစ်၏။     ။၎င်းပြင်၊ ယခုခေတ်တွင် တရားအားထုတ်ရန် အခါကောင်းပုံကို ဟောပြတော်မူသေးသည်မှာ။...

လယ်တီဆရာတော်ကြီး၏ ဒုတိယရစနာဂါထာ

 ဓာနိဣဓာနိ- ယခုအခါသာသနာတော်၌၊ အဇ္ဈတ္တံ-အတွင်းသန္တာန်တွင် အမှန်ရှိသော မဟာဘုတ်ရုပ်ဓာတ်ပရမတ်တို့ကို၊ ပေက္ခိတုံ- အမှန်သိဘို့ ကြည့်ရှု စုံစမ်းခြင်းငှာ၊ ဗြဟာ-အဆန်းတကယ် လွန်ကြီးကျယ်သော၊ ဓမ္မာဒါသော-အဘိဓမ္မာဒေသနာအပေါင်း တရားမှန်ပြောင်းတော်ကြီးသည်၊ အတ္ထိ-ထင်ရှားရှိဆဲသာလျှင်တည်း။ တေန-ထိုတရား မှန်ပြောင်းတော်ကြီးဖြင့်၊ ပက္ခိယ-ဖြောင့်မတ်တိတိမြင်အောင်ကြည့်၍ အဇ္ဈတ္တံ-အတွင်းသန္တာန်၌ အမှန်ရှိသော တရားတို့ကို၊ ဂဝေသိတုံ-အရေးတကြီးလုံလသည်းလျက်၊ ရှာမှီးခြင်းငှာ၊ အလံ-အချိန်မလင့် အခါသင့်၍ အခွင့်သာတုံး အခါကြီးပေတည်း။
 အဓိပ္ပာယ်လိုရင်းမှာ။     ။ ယခုအခါ သာသနာတော်ငါးထောင်အတွင်း၌ ကျွတ်တန်းဝင်နိုင်သာ အချိန်ကလည်းဖြစ်၊ အဘိဓမ္မာဒေသနာအပေါင်းတရားမှန်ပြောင်းတော်ကြီးကလည်း ထင်ထင်ရှားရှားထွန်းကား၍နေသော ဒေသကလည်းဖြစ်သဖြင့်၊ တရား အားထုတ်ရန် နည်းကောင်းလမ်းမှန် ထင်ရှားရှိနေရကား၊ တရားထူးကို အလွယ်တကူရနိုင်ရန်၊ ဝိပဿနာတရား အားထုတ်ဘို့အတွက်၊ အခါသင့်၍ အခွင့်သာတုံးပင်ရှိပါသေးသည် ဟူ၍ဖြစ်၏။
 မှတ်ချက်။     ။လယ်တီဆရာတော်ကြီး၏ အာဘော်မှာ ကျမ်းဂန်အတိုင်း ခန္ဓာကိုယ်၌ စူးစိုက်၍ ရှုလျှင်၊ ဘူတရုပ် ဓာတ်ပရမတ်တွေကို တွေ့ရသလို ရှုမြင်ပွားများနေလျှင်၊ မဂ်ဖိုလ်နိဗ္ဗာန်ကို၊ အမှန်ရနိုင်သည်၊ ယခုလိုအခါသင့်၍ အခွင့်သာတုံးမှာ၊ ပေါ့လျော့၍မနေကြနှင့် အပါယ်တံခါးပိတ်အောင် အရင်စလိုအရေးတကြီးအားထုတ်သင့်သည်၊ လောကီကိစ္စကို နောက်မှလုပ်လျှင်လည်း ဖြစ်နိုင်သည်၊ တရားကိုအားမထုတ်သေးမှီ၊ အပါယ်တံခါး မပိတ်ရသေးမှီ သေသွားလျှင် ခက်တတ်သည်၊ အခါသင့်၍ အခွင့်သာတုံးဟုဆိုခြင်းသည်၊ တရားကိုအားထုတ်လိုသူနှင့် အားထုတ်ဆဲသူတို့၏အတွက်သာလျှင်ဖြစ်သည်၊ အားမထုတ်လိုသည့်သူတို့၏ အတွက်မှာမူကား၊ အခါကောင်းမဆိုနိုင်ပေ။
 ဤသို့သော အကြောင်းများကို၊ ကျမ်းဂန်အကိုးအကားစုံလင်စွာနှင့် သိလိုလျှင်၊ ဝိပဿနာဆရာဖြစ် သင်တန်းကျမ်းတွင် ကြည့်ပါလေ။


ဝိပဿနာပါရဂူကျမ်းတော်ကြီး ၄ - စောင်တွဲ မှ
ဝိပဿနာပါရဂူဆရာကြီး
၁၃၁၇ခု၊ တော်သလင်းလအတွင်း ဧကာဒသမအကြိမ် ပုံနှိပ်ပြီးစီးသည်။ (၁၉၅၅ ခုနှစ်၊ စက်တင်ဘာလ)

No comments:

Post a Comment