ပြည်မြို့ နန္ဒဝန်ဆရာတော်ကြီး၏ ကျောက်စာတော်မူ


နန္ဒဝန်ဆရာတော်ကြီး ဦးဝိသုဒ္ဓစာရ

ကျောက်စာတော်ကြီး
သာသနာတော်နှစ် ၂၅၀၅ ခု၊ ကောဇာသက္ကရာဇ် ၁၃၂၃ ခု


ဆရာတော်ဘုရားကြီး၏ အကျဉ်းချုပ်မှတ်ရန် မိန့်ခွန်းသံ




ကျောက်စာတော်ကြီး (က)။     ။ သီလသမာ၊ ဓိပညာ၊ မိန့်မှာဟောတာ ဧကန်ကွဲ့။

သီလ-သမာ၊ ဓိမပါ မင်းဟာလွဲပြီ ဧကန်ကွဲ့။

ရှေ့ဆောင်လမ်းပြ၊ ကောင်းပါက၊ နိဗ္ဗာန်ရမှာ - ဧကန်ကွဲ့။

ရှေ့ဆောင်လမ်းပြ၊ လွဲပါက၊ နိဗ္ဗာန်လွဲမှာ - ဧကန်ကွဲ့။

ပွား - သိ - ပါယ် - ဆိုက်၊ ဘုရားကြိုက်၊ လိုက်၍ကျင့်က၊ ဧကန်ရကွဲ့။

ကြမ်း - နု - လယ် - လတ်၊ သုံးပိုင်းဖြတ်၊ သတ်ကြစမ်းပါ - ဧကန်ကွဲ့။

နှစ်လမကြာ၊ ခုရမှာ၊ နိဗ္ဗာန်ဆိုတာ - ဟောတာကွဲ့။

ဖောင်ပျံမဂ္ဂင်၊ လေးမျိုးဆင်၊ လိုက်ချင်လာကြ - ဒို့လမ်းပြကွဲ့။

ခုနေချိန်ခါ၊ ထေရ်မဟာ၊ အမှန်ဟောတာ - ဝေဒနာကွဲ့။

မေးချင်မြန်းချင်၊ စုံစမ်းချင်၊ မင်းလျှင်မကြောက်၊ မေးပါကွဲ့။

နောက်ကွယ် - ရှေ့ကွယ်၊ ကြက်မနှယ်၊ ဂေါ်ဂီဂေါ်ဂက်၊ လုပ်ပါနဲ့ကွဲ့။

သူတို့သွားရာ၊ တို့သွားမှာ၊ ဇွဲကောင်းတာက - ဧကန်ကွဲ့။

စာတတ် - မတတ်၊ ရုပ်နာမ်ဓာတ်၊ ချုပ်တတ်လျှင်တဲ့၊ ချုပ်တယ်ကွဲ့။

ချုပ်ပုံငြိမ်းပုံ၊ အေးငြိမ်းပုံ၊ ဉာဏ်တွေ့ကြုံလျှင်၊ ဖိုလ်ချမ်းသာကွဲ့။

ဖိုလ်ချမ်းသာကို၊ လမ်းပြဆို၊ ရှင်တို့ကျုပ်တို့ ကိုယ်တွေ့ပါကွဲ့။

အပါယ်လေးဝ၊ လွတ်ချင်ကြ၊ ကိုယ်တွေ့ဒိဋ္ဌ၊ ကြိုးစားပါကွဲ့။

ခွင့်သာခိုက်တွင်၊ မလိုက်ချင်၊ ရှင်တို့ကျုပ်တို့၊ အပြစ်ပါကွဲ့။

စာရှိကိုပင်၊ ကိုယ်တွေ့ထင်၊ သိမြင်လိုလျှင်၊ ထိုင်စမ်းပါကွဲ့။

စာရှိစကား၊ လိမ်းဆေးထား၊ ကြိုးစားတာဟာ၊ သောက်ဆေးပါကွဲ့။

မိုးပေါက် - မိုးပွား၊ ကျဖန်များ၊ အိုးကားရာထောင် ပြည့်သကွဲ့။

ဟုတ်မှန်စကား၊ ဆင့်ထပ်ပွား၊ မင်းကားလိုရာပြည့်သကွဲ့။

နိဗ္ဗာန်ရောက်သွား၊ ပုဂ္ဂိုလ်များ၊ ထိုထိုစကား - မှန်သကွဲ့။

ကိုယ်ကျင့်မစင်၊ မင်းတို့မြင်၊ ထိုပုဂ္ဂိုလ်ပင်လိမ်သကွဲ့။

ရွှေနှင့်ကျောက်တွင်၊ မှတ်နှင့်တင်၊ ဟုတ်လျှင်အရောင်တိုးသကွဲ့။

ပုထုဇ္ဇနာ၊ အရိယာ အထိုင်ကြာလျှင် - သိသကွဲ့။

အတ္တသမား၊ စာလေများ၊ ထိုင်တာကြာလျှင် - နာတတ်သကွဲ့။

နတ္တသမား၊ ထိုင်၍ထား၊ ကြာလေ - ကြာလေ၊ ကောင်းသကွဲ့။

အပြောသမား၊ စာလေကြွား၊ ထိုင်နည်းများနှင့် စမ်းပါကွဲ့။

ဟုတ် - မဟုတ်ပင်၊ မင်းတို့မြင်၊ မင်းပင်ဧကန်၊ သိမှာကွဲ့။

ကျဉ်းချုပ်အလွယ်၊ သိမှတ်ဘွယ်၊ ဆုံးဝယ်ဤမှာကွဲ့။

သစ္စာလေးဆိုင်၊ မြတ်ပန်းခိုင်ကို၊ ကိုယ်ပိုင်သိငြား၊ မြတ်ဘုရားနှင့်၊ တရားသံဃာ၊ သုံးရတနာအား၊ စေတနာမြတ်၊ သဒ္ဓါဓာတ်ဖြင့်၊ ကပ်ဝပ်ရိုကျိုး၊ လက်စုံမိုး၍၊ မြတ်နိုးကော်ရော်၊ ပူဇော်ပါ၏... အရှင်ဘုရား။




တရားထိုင်က သည်ကစ


ကျောက်စာတော်ကြီး (ခ)။     ။ ယခုမျက်မှောက်၊ မဂ်ဖိုလ်နိဗ္ဗာန်ဆိုက်ရောက်အောင်၊ တကယ်တန်းအားထုတ်လိုသော ယောဂီအပေါင်းတို့သည် ကြောင့်ကြမှုဟူသမျှကို ယခုအခါ ယတိပြတ်၊ ခေတ္တခဏ ဖြတ်ထားပြီး မိမိစောင့်ရှောက်နိုင်သော သီလများကို စင်ကြယ်အောင် ဆောက်တည်ထားပါ။

ခန္ဓာကိုယ်ကို မြတ်စွာဘုရားအား လှူဒါန်းထားပါက ကြောက်လန့်ဘွယ် အာရုံများ ထင်ပေါ်လာခဲ့သော် အကြောက်ကင်းခြင်း၊ အကျိုးရှိ၏ဟု ကျန်းဂန်က ညွှန်ပြထားသောကြောင့် မိမိကိုယ်ကို ဤသို့ရွတ်ဆို လှူဒါန်းပါလေ။



လှူဒါန်းပုံ


ခန္ဓာငါးဝ၊ အာယတနာနှင့် ဖွဲ့ကာချုပ်နှောင်၊ ဤကိုယ်ကောင်ကို၊ အစိန္တေယျ၊ သုံးလူထွဋ်ထား၊ သဗ္ဗညုတ၊ ရှင်တော်ဘုရားအား၊ လှူဒါန်းပါ၏။ အပ်နှင်းပါ၏။ တပည့်တော်အား ငဲ့သနား၍၊ တရားရသ၊ ဖလသမာပတ်၊ ရသဓာတ်ကို၊ ဒိဋ္ဌဉာဏ်ထင်၊ ကိုယ်တွေ့မြင်အောင်၊ သွန်းသင်ပြသ၊ ဆုံးမတော်မူပါ .... အရှင်ဘုရား။
( သုံးကြိမ်ဆို )

ယင်းသို့ဆိုပြီးနောက် ကိုယ်ကို ဖြေးညှင်းမတ်စွာထား၍ထိုင်၊ ထို့နောက် နှာသီး၌  ဝင်သောလေ၏ ထိမှုကိုဖြစ်စေ၊ ( သို့မဟုတ် ) ပါက ရင်ချိုင့်၌ ဒိတ်ဒိတ်ဒိတ်ဒိတ်နှင့်နေသည်ကိုဖြစ်စေ၊ ( သို့မဟုတ် ) ပါက ချက်တိုင်၌ လှုပ်လှုပ်လှုပ်လှုပ်နှင့်နေသည်ကိုဖြစ်စေ ဤသုံးနေရာတို့တွင် တနေရာတဌာန၌ ဗဟိဒ္ဓအပြင်တံခါးကို ပိတ်၍ စိတ်ကိုတည်ငြိမ်အောင်၊ သမာဓိကိုယူ၊ နာရီအချိန်ကြာလေသောအခါ နာကျင်မှု ပေါ်ထွက်လာလိမ့်မည်။ မကြောက်ကြမလန့်ကြနဲ့၊ ရောဂါလဲမဟုတ်၊ သေသွားမှာလဲမဟုတ်၊ ကိုယ်ထဲမှာရှေးကပင်ဖြစ်လျက်ရှိနေသော်လည်း သူ့ထက် ထင်ရှားသော အာရုံတွေရှိနေသည့်အတွက် သူက မထင်ပေါ်ဘဲ မြုပ်ကွယ်နေခြင်းပင်တည်း။

ယခုမှ သမာဓိတည်ကြည်မှုကြောင့် စု၍နာလာခြင်းဖြစ်ပေ၏။ သို့အတွက် မလှုပ်နှင့်။ မရွေ့နှင့်။ မပြောင်းနှင့်။ ကြပ်ကြပ်သမာဓိအရှိန်ရအောင် ငြိမ်ချပေးလိုက်၊ " သည်းခံက နိဗ္ဗာန်ရောက် " ဆိုသည့်စကားသည် ဤနေရာမျိုးနှင့်ဆိုင်သည်စကားဖြစ်သည်၊ မဂ်ဖိုလ်လမ်းနှင့် ခရီးမဝေးရအောင် သည်းခံပေးရမည်။

ထိုနာသည့်နေရာကို စူးစူးစိုက်စိုက် သတိနှင့်လိုက်ကာ ရှုပေးပါလေ၊ တပြင်ကြီး နာနေလျှင် ပို၍နာသည့်နေရာကို ကွက်၍ ရှုပေးပါလေ၊ ထိုဝေဒနာတို့သည် များသောအားဖြင့် သုံးနာရီ လေးနာရီအတွင်း ချုပ်ပျောက်ငြိမ်းအေး၍ -


ကျောက်စာတော်ကြီး (ဂ)။     ။ နိဗ္ဗာန်ချမ်းသာဓာတ်၊ ဖလသမာပါတ်ကြီးကို ကိုယ်တွေ့ ဉာဏ်တွေ့၊ အမှန်တွေ့ခံစားရလိမ့်မည်။


တကယ်ခံစားလိုပါက ဇွဲကောင်းကောင်းနှင့် ပေါက်ရောက်အောင်ထိုင်၍ကြည့်ကြ စမ်း၍ကြည့်ကြ၊ စာစကားနှင့် အနုမာန မျက်ယမ်းမဆကြဘဲ ပစ္စက္ခမျက်မှောက်တွေ့အောင် ကြိုးစားအားထုတ်ကြစေလိုပေ၏။

ဤနေရာ၌ အထူးသိစေရန်မှာ အချို့ပုဂ္ဂိုလ်များ၌ ဒုက္ခဝေဒေနာ ထင်ရာဖြစ်ပုံခြင်း မတူကြပေ။ အချို့မှာ မီးခဲရဲရဲကြီးနှင့်လာ၍ ထိုးသကဲ့သို့လည်းကောင်း၊ သံပြားရဲရဲကြီးနှင့်လာ၍ ကပ်သကဲ့သို့လည်းကောင်း၊ လှံဆူးကြီးနှင့် ထိုးထားသကဲ့သို့လည်ကောင်း၊ ဖွဲပုံကြီးမီးလောင်ရာ တဖြည်းဖြည်းအပူများလာသကဲ့သို့လည်းကောင်း၊ မီးပေါက်မီးပွားကလေးများ တဖွဲဖွဲလောင်နေသကဲ့သို့လည်းကောင်း၊ ရေနွေးအိတ်ကြီးကိုလာ၍ ပတ်ထားသကဲ့သို့လည်းကောင်း၊ ဤကဲ့သို့ တစ်ခုခု ထင်မြင်လာတတ်ပေ၏။

ယင်းသို့ ထင်မြင်လာသောအခါ မကြောက်မလန့်ပါနှင့်။ သူ၏သဘောကို သူဆောင်၍ ထင်ရှားသောအမူအရာကိုပြခြင်းသာ ဖြစ်ပေ၏။ ထိုသို့ထင်လာသော ဤဒုက္ခဝေဒနာသည် မြဲသောသဘောမရှိ၊ အနိစ္စကိစ္စမျိုးဖြစ်သဖြင့် မကြာခင်ပျက်စီးချုပ်ပျောက်မည့် ဧကန်သဘောဖြစ်၍ ဇွဲကောင်းကောင်းထားပါ။ မျက်ရည်တွေ နှာရည်တွေကျပြီး မချိမဆန့် ပင်ပန်းလာတတ်သည်။ ချွေးသီးချွေးပေါက်ကြီးတွေ မိုးရွာသကဲ့သို့ ကျလာတတ်သည်။ မကြောက်ပါနဲ့။ မလန့်ပါနဲ့။ စုတိချုပ်ကြွေ သေမည်လည်းမဟုတ်။ ထိုသို့ မချိမဆန့်ဖြစ်လာ ချွေးတွေကျလာလျှင် ကြပ်ကြပ်ငြိမ်ပေးပါ။ မလှုပ်ပါနှင့််။ စောင့်ပြီးတော့ အသေအချာကြည့်သာနေပါ။ မကြာခင် သုခဝေဒနာ နေသာထိုင်သာ သက်သာရာရမှုဘက်သို့ တဖြည်းဖြည်းကူးသွားပါလိမ့်မည်။

ဤမှာကြားချက်အတိုင်း ဇွဲကောင်းကောင်းနှင့်သည်းခံ၍ ကြိုးစားအားထုတ်ကြည့်ပါက ယောဂီပုဂ္ဂိုလ်တို့၏ အသိဉာဏ်ချင်းမတူနိုင်ကြသည့်အတွက် အချို့သောပုဂ္ဂိုလ်များမှာ တဖြည်းဖြည်းချင်း လောကုတ္တရာဉာဏ်ဘက်သို့ ကူးပြောင်းသွားသော ပုဂ္ဂိုလ်မျိုး ရှိတတ်ပါသည်။ ဥပမာအားဖြင့် အဝေးမှလာသူသည် ရွှေဆံတော်ဘုရားနှင့် ရွှေဘုန်းပွင့်ဘုရားနှစ်ဆူကို မသိသေးဘဲ တဖြည်းဖြည်းအနီးသို့ရောက်၍ မြောက်ဘက်မုခ်ဦး ကျောက်ထီးကြီးလမ်းခွဲကို တွေ့တော့မှ အော် ... သည်စေတီတော်ကြီးဟာ ရွှေဆံတော်စေတီကြီးပေတကားဟု ပိုင်းခြားကာ သိသကဲ့သို့ မိမိရဲ့ စိတ်ကလေးကို မိမိ- မိမိတို့၏ လိုရာဖြစ်သော အသည်းနှလုံးပေါ်မှာ သုခတရားတို့ကို အဆင့်ဆင့် ထပ်ကာထပ်ကာ ( ဝါ ) ဘယ်ကိုမှမသွား အင်မတိ အင်မတန် ချမ်းသာလှချည့်ရဲ့ဆိုတဲ့ နိဗ္ဗာန်တည်းဟူသော ဓမ္မာရုံသဘော၌ လိုက်လျောစွာထား၍ နာရီတွေကို လွန်ကာ လွန်ကာ သွားတယ်ဆိုတာ ကြားဘူးကြပါလိမ့်မယ်။ အဲဒါက ဖြည်းဖြည်းသွားသည့် ပုဂ္ဂိုလ်မျိုး ဖြစ်ပေ၏။


ကျောက်စာတော်ကြီး (ဃ)။     ။ မြန်မြန်သွားသည့် ပုဂ္ဂိုလ်ကတော့ ရေမြောင်းကြီးကို ခုန်လိုက်ရသကဲ့သို့လည်းကောင်း၊ တခုသော မီးလောင်ပြင်မှပြေးလာသော ယောကျာ်းသည် တခုသောရေတွင်းသို့ကျသကဲ့သို့လည်းကောင်း၊ တစ်ခုသောသစ်ပင်မှ တစ်ခုသောသစ်ပင်သို့ လေအဟုန်ဖြင့် ကူးခုန်ရသကဲ့သို့လည်းကောင်း၊ ဤဘဝမှ စုတေ၍ တုသိတာနတ်ဘုံသို့ ဗြုံးခနဲရောက်နေရသကဲ့သို့လည်းကောင်း၊ လဗိမာန်ကြီးထဲ၌ ဆိုဖာအထိုင်နှင့် တအိအိ တစိမ့်စိမ့် စိတ်ကူးနေရသကဲ့သို့လည်းကောင်း၊ လောကုတ္တရာ ( ဇိမ် ) ချမ်းသာကို ခံစားနေတတ်၏။ ဤကား မန္ဒပည ပုဂ္ဂိုလ်၊ တိက္ခပည ပုဂ္ဂိုလ်တို့ တွေ့ကြပုံကို ဤနည်းကိုမှီး၍ သိသင့်လှပေ၏။

အထူးသိသာရန်မှာ တခုခုသော အာရုံကိုပွားများကြရာ၌ စိတ်၏တည်ကြည်ငြိမ်သက်မှုရအောင် ပွားများခြင်းကြောင့် သမထဘာဝနာဟုမှတ်၊ ဝေဒနာအချက်ကို ကွက်ကွက်ကွင်းကွင်းသိအောင် ပွားများခြင်းကို ဝိပဿနာဘာဝနာဟူ၍ မှတ်၊ မြင်းကိုစီးလျှင် အထီးအမကွဲအောင် စုံစမ်းသကဲ့သို့ စုံစမ်းကြရမည်။

ထို့ထက် အထူးသိသာရန်မှာ အပြောဘာဝနာသည် နိဗ္ဗာန်သို့မရောက်၊ အလုပ်ဘာဝနာ အထိုင်ဘာဝနာမှ နိဗ္ဗာန်သို့ရောက်နိုင်သည်၊ နိဗ္ဗာန်သည် အလုပ်သမား အထိုင်သမားတို့၏ ပိုင်စားရာ ပျော်စံရာ နယ်ပယ်ကြီးတစ်ရပ်ဟု သတိအထူးချပ်စေ မှတ်စေလိုပေ၏။

မိမိကိုယ်ကို စာတတ်ကြီးရယ်လို့ အထင်မကြီး၊ မာနမသီးကြပါနှင့်၊ စာမတတ်သူဟူ၍လည်း အထင်မသေး၊ စိတ်ငယ်ရန် မတွေးကြပါနှင့်၊ ပိဋကတ်သုံးပုံကို နှုတ်ငုံရနေသော ကပိလရဟန်းကြီးကိုသော်လည်း ထိုတရားကို နှလုံးမသွင်း အကျင့်ကင်းကြသောကြောင့် ဒါယကာ - ဒါယိကာမတစ်စုတို့နှင့် အဝီစိငရဲဘုံကို နှစ်ခါပြန်စုံရ ရောက်ရသည်ကိုလည်းကောင်း၊ ပေါဋ္ဌိလမထေရ်ကြီးပင် ရှင်သာမဏေကလေးထံ လက်စုံမိုး၍ ရှိခိုးကာ ကမ္မဋ္ဌာန်းတောင်းရသည်ကိုလည်းကောင်း၊ လေးလေးနက်နက် အမြင်မှန်ဖက်ပြီး တက်ကြွသော မာနအရှိန်ကို ချိုးနှိမ်ကြပါရန် သတိတရား အမြဲပွားကြစေလိုပေ၏။



ပဋိစ္စသမုပ္ပါဒ်နည်းအရ
( သံသရာလည်ပုံ၊ ပြတ်ပုံ၊ ဖြစ်ပုံ၊ ချုပ်ပုံ )

မသိမှုအဝိဇ္ဇာကြောင့်၊ ပြုလုပ်မှု သင်္ခါရဖြစ်ကြရ၏။
ပြုလုပ်မှု သင်္ခါရကြောင့်၊ ပဋိသန္ဓေနေမှု ဝိညာဉ်ဖြစ်ကြရ၏။
နာမ်ရုပ်ကြောင့်၊ မျက်စိအကြည်၊ နားအကြည်စသော အာယတနခြောက်ပါး ဖြစ်ကြ၏။
အာယတနကြောင့် မြင်တွေ့-တွေ့မှု စသော ဖဿ ဖြစ်ကြရ၏။

ကျောက်စာတော်ကြီး (င)။     ။ဖဿကြောင့်၊ အာရုံခံစားမှု ဝေဒနာဖြစ်ကြရ၏။ ဝေဒနာကြောင့် တပ်မက်ခင်မင်မှု တဏှာဖြစ်ကြရ၏။ တဏှာကြောင့် မခွဲနိုင်မခွာရက် စွဲလမ်းချက် ဥပါဒါန်ဖြစ်ကြရ၏။ ဥပါဒါန်ကြောင့် နောက်ဘ၀ ဆက်ဖြစ်ဖို့ရန် ပြုလုပ်မှုဘ၀ ဖြစ်ကြရ၏။ ဘဝကြောင့်၊ ပဋိသန္ဓေနေခြင်း၊ ဇာတိဖြစ်ကြရ၏။ ဇာတိကြောင့် အိုခြင်း၊ သေဆုံးရခြင်း၊ ဝမ်းနည်းမှု၊ ငိုကြွေးမှု၊ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့ကိုလည်း ဖြစ်ကြရ၏။ မသိမှု အဝိဇ္ဇာသည်၊ သိမှု ဝိဇ္ဇာဖြင့် ချုပ်ခြင်းကြောင့် ပြုလုပ်မှု သင်္ခါရချုပ်၏။ သင်္ခါရချုပ်ခြင်းကြောင့် ပဋိသန္ဓေနေမှု ဝိညာဉ်ချုပ်၏။ ဝိညာဉ်ချုပ်ခြင်းကြောင့် နာမ်အစု ရုပ်အစု ချူပ်၏။ နာမ်ရုပ်ချုပ်ခြင်းကြောင့် မျက်စိအကြည်စသော အာယတနချုပ်၏။ အာယတနချုပ်ခြင်းကြောင့် မြင်တွေ့၊ တွေ့မှုစသော ဖဿချုပ်၏။ ဖဿချုပ်ခြင်းကြောင့် အာရုံခံစားမှု ဝေဒနာချုပ်၏။ ဝေဒနာချုပ်ခြင်းကြောင့် တပ်မက်မှုတဏှာချုပ်၏။ တဏှာချုပ်ခြင်းကြောင့် စွဲလန်းမှု ဥပါဒါန်ချုပ်၏။ ဥပါဒါန်ချုပ်ခြင်းကြောင့် ဘဝချုပ်၏။ ဘဝချုပ်ခြင်းကြောင့် ပဋိသန္ဓေနေခြင်း၊ ဇာတိချုပ်၏။ ဇာတိချုပ်ခြင်းကြောင့် အိုခြင်း၊ သေဆုံးရခြင်း၊ ဝမ်းနည်းရမှု၊ ငိုကြွေးရမှု၊ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့လည်း ချုပ်ကြရ၏။

 ဤပဋိစ္စသမုပ္ပါဒ် စက်ရဟတ်လည်ပုံ၊ ချုပ်ပုံ စကားရပ်တို့ကို သေချာစွာကြည့်ရှုပါလျှင်-
(၁) အဝိဇ္ဇာ၊ သင်္ခါရသည် ဖြစ်ပြီးခဲ့သော အတိတ်ကြောင်း။
(၂) ဝိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့သည် ဖြစ်ဆဲ ပစ္စုပ္ပန်အကျိုး။
(၃) တဏှာ၊ ဥပါဒါန်၊ ဘဝတို့သည် ဖြစ်ဆဲ ပစ္စုပ္ပန်ဒါန်အကြောင်း။
(၄) ဇာတိ၊ ဇရာ၊ မရဏတို့သည် နောင်ဖြစ်မည့် အနာဂါတ်အကျိုးတို့ ဖြစ်ကြပေသည်။

ရှင်းပြရမည်ဆိုပါက။     ။ မသိမှု အဝိဇ္ဇာတရားကြောင့် ပြုလုပ်မှု သင်္ခါရဆိုတဲ့ ကုသိုလ်-အကုသိုလ်မှုတွေကို ပြုလုပ်ခဲ့ခြင်းသည် ဖြစ်ပြီးသော အတိတ်အကြောင်းမည်၏။ ထိုအတိတ်အကြောင်း၏ စီမံမှုကြောင့် ယခုဖြစ်ဆဲ ပစ္စုပ္ပန်ဘဝ၌ ဝိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဟု ဆိုအပ်သော လူ နတ် ဗြဟ္မာ သတ္တဝါတွေဖြစ်ကာ အာရုံအမျိုးမျိုးတို့၌ ခံစားစံစားမှု၊ ပစ္စုပ္ပန်အကျိုးတရားတွေ ပေါ်ပေါက်လာရပေသည်။ ဤအတိတ်အကြောင်း ပစ္စုပ္ပန်အကျိုးတရားတို့သည် ရှေးဘဝမှ လည်လာသောကြောင့် ဗုဗ္ဗ န္တဘဝစက်မည်၏။

ယခုဖြစ်ဆဲပစ္စုပ္ပန်ဘဝမှာ တပ်မက်လိုချင်၊ ခင်မင်တောင့်တမှုတဏှာကြောင့် စွဲစွဲလန်းလန်း ငန်းငန်းတက်လိုချင်မှု ဥပါဒါန်ပေါ်လာ၏။ ထိုဥပါဒါန်ဖြင့် စွဲလန်းမှုကို အရင်းခံကာ နောက်နောက်ဘဝတို့၌ ဖြစ်ကြဖို့ရန် ဘဝတည်းဟူသော ကုသိုလ်-အကုသိုလ်မှုတွေကို ထပ်ပြီး ပြုကြပြန်သဖြင့်-


ကျောက်စာတော်ကြီး (စ)။     ။ နောက်ဖြစ်လတ္တံသော ဘဝတို့၌ လူ၊နတ်၊ဗြဟ္မာ၊သတ္တဝါ အမျိုးမျိုးတွေဖြစ်ပြီး အာရုံအမျိုးမျိုးတို့၌ ခံစားစံစားမှုဟု ဆိုအပ်သော ဇာတိအစရှိသော အနာဂါတ် အကျိုးတရားတွေ တိုးပွားဖြစ်ကြရပြန်သည်။ ဤပစ္စုပ္ပန်အကြောင်းအနာဂါတ်အကျိုးတို့သည် နောက်ဘဝနောက်ဘဝသို့ လည်သွားသောကြောင့် အပရ န္တဘဝစက်မည်၏။


ဝဋ်အားဖြင့် ခွဲခြားပြရလျှင်

အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်သည် … ကိလေသဝဋ်
သင်္ခါရသည် … ကမ္မဝဋ်
ဝိညာဉ်၊ နာမ်၊ ရုပ် စသည်တို့သည် … ဝိပါကဝဋ်
အသီးသီးမည်ကြပါသည်။ ဤတရားတို့သည် သုံးဘုံအတွင်း၌  အစုန်အဆန်အဖန်ဖန်အချာချာ လှည့်လည်တတ်သောကြောင့် ဝဋ်ဟုအမည်ရကြပါသည်။


အစပ်အားဖြင့် ခွဲခြားပြန်က

အတိတ်အကြောင်း၏ အဆုံးဖြစ်သော သင်္ခါရနှင့် ပစ္စုပ္ပန်အကျိုး၏ အစဖြစ်သော ဝိညာဉ်သည် တစပ်။
ပစ္စုပ္ပန်အကျိုး၏ အဆုံးဖြစ်သော ဝေဒနာနှင့် ပစ္စုပ္ပန်အကြောင်း၏ အစဖြစ်သော တဏှာသည် တစပ်။
ပစ္စုပ္ပန်အကြောင်း၏ အဆုံးဖြစ်သော ဘဝနှင့် အနာဂါတ်အကျိုး၏ အစဖြစ်သော ဇာတိသည် တစပ်။
ဤသို့အားဖြင့် အစပ်သုံးပါးဖြစ်ပါသည်။

ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး အလည်ရပ် ပြီးပြတ်သွားဖို့ရာ အကျဉ်းချုပ် ညွှန်ပြပါအံ့။ ဤသို့ လည်နေသော စက်ရဟတ်ကြီး၌ ကာလသုံးရပ် အစပ်သုံးသွယ်ရှိပါသည်။

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်ကာလ သုံးပါးရှိသည့်အနက်က ပစ္စုပ္ပန်ကာလကနေပြီး ဖြတ်ရပါလိမ့်မည်။ အတိတ်က အကြောင်းဖြစ်သည့် အဝိဇ္ဇာ၊သင်္ခါရကြောင့် ပစ္စုပ္ပန်ယခုဘဝမှာ အကျိုးဖြစ်သည့် ဝိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ      ၊ ဝေဒနာတို့ ဆက်စပ်ပြီး ဖြစ်ကြပါလိမ့်မည်။ ဒါကိုပင် အတိတ်အကြောင်း၏ အဆုံးသင်္ခါရနှင့် ပစ္စုပ္ပန်အကျိုး၏အစ ဝိညာဉ်သည် အဆက်မပြတ်အောင် ဆက်စပ်သည့် အစပ်တစပ်လို့ ပြခဲ့ပေသည်။ သို့ဖြစ်သောကြောင့် ပစ္စုပ္ပန်၏ အကျိုးတရား ဝေဒနာ ဖြစ်ပေါ်လာသည့်အချိန်မှာ ပြတ်အောင် မဖြတ်နိုင်ရင် ပြတ်အောင်မဖြုတ်နိုင်ရင်၊ ချုပ်အောင် မလုပ်နိုင်ရင် ပစ္စုပ္ပန်အကြောင်းတရားဖြစ်သည့် တဏှာ၊ဥပါဒါန်၊ဘဝသို့ ကူးစက်ပြီး စက်ရဟတ်ကြီး မပြတ်လည်ပြန်ပါလိမ့်မည်။ ယင်းသို့ မလည်ရအောင် အစဉ်မပြတ် ဖြစ်ပေါ်နေသည့် ဝေဒနာတွေ တဏှာသို့ မကူးရမရောက်ရအောင် ဝေဒနာနုပဿနာတရားကို အစကပြခဲ့သည့်အတိုင်း မပြတ်ပွားများပါလျှင် -

ဒုက္ခဝေဒနာခံစားရသည့်အခါ ဘယ်တော့ချမ်းသာရာရပါ့မလဲလို့ သုခကိုလှမ်းပြီး တောင့်တသည့် တဏှာ။
သုခဝေဒနာ ခံစားရသည့်အခါ မရောင့်ရဲနိုင်သည့် တဏှာ။
ဥပေက္ခာဝေဒနာ ခံစားရသည့်အခါ သုခဝေဒနာအတူ ငြိမ်သက်သည်ဟု စုံမက်သောတဏှာဆိုသည့် ပစ္စုပ္ပန်အကြောင်းတရားများ အဆက်ပြတ်ပြီး ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး တခါတည်း ရပ်စဲကာ -

ကျောက်စာတော်ကြီး (ဆ) ။     ။ “ ဝေဒနာချုပ်၊ တဏှာပြုတ်၊ ငုတ်တုတ်နေသော နိချမ်းသာကွဲ့” ဆိုသော ဆောင်ပုဒ်လင်္ကာအတိုင်း ဝါန တဏှာနိ ထွက်မြောက်တတ်သောကြောင့် နိဝါန - နိဗ္ဗာန်န = နိဗ္ဗာန်ချမ်းသာ အမြိုက်ရတနာတော်ကြီးကို ပျော်ပျော်ကြီး ကိုယ်တွေ့ဉာဏ်မြင့် ခံစားစံစားရပေလိမ့်သတည်း။


သစ္စာလေးတန် သိဘို့ရန်

ဝေဒနာကို သိအောင် အားထုတ်ပွားများတာက မဂ္ဂသစ္စာ။
ဝေဒနာကို အသေအချာသိတာက ဒုက္ခသစ္စာ။
ဝေဒနာကို စွန့်ပယ်နိုင်တာက သမုဒယသစ္စာ။
ဝေဒနာကို ချုပ်ပျောက်ပြီး ငြိမ်းအေးနေတာက အနတ္တနိဗ္ဗာန် နိရောဓသစ္စာ။

ဤ သစ္စာလေးချက်သဘောနက်ကို ထင်လင်းစွာ သိကြရအောင် အောက်ပါမြတ်စွာဘုရား၏ အဆုံးအမ မိန့်ခွန်းတော်ကြီးကို လေးနက်စွာ နှလုံးသွင်းပြီး အားထုတ်နိုင်ကြပါစေ။


နိဒါနဝဂ္ဂသံယုတ်ပါဠိတော်

နယိဒံ သိထိလ မာရမ္ဘ၊ နယိဒံ အပ္ပေန ထာမသာ။
နိဗ္ဗာနံ အဓိဂန္တဗ္ဗံ၊ သဗ္ဗဒုက္ခပ္ပမောစနံ။

ဘိက္ခေ၀ - ချစ်သား ချစ်သမီးတို့၊ သဗ္ဗဒုက္ခပ္ပမောစနံ၊ ဆင်းရဲအလုံးစုံမှ ကျွတ်လွတ်ရာအမှန် ဧကန်ဖြစ်သော၊ ဣဒံ နိဗ္ဗာနံ - ဤအနတ္တနိဗ္ဗာန်ကြီးကို၊ သိထိလံ အာရမ္ဘ - တနေ့နေ့မှာ ရမှာဘဲ အပြောသန် ဇွဲမပါဘဲ ရော့ရဲစွာ အားထုတ်၍၊ နအဓိ ဂန္တဗ္ဗံ - မသိနိုင် မရောက်နိုင်ပေ။ ဣဒံ နိဗ္ဗာန - ဤအနတ္တနိဗ္ဗာန်ကြီးကို၊ အပ္ပေနထာ မသာ - ကိုယ်အား ဉာဏ်အား စွန့်ပယ်ထားလျက် အနည်းငယ်သောအားအစွမ်းဖြင့်၊ နအဓိ ဂန္တဗ္ဗံ - မသိနိုင် မရောက်နိုင်ရာသတည်း။


ဖိုလ်ချမ်းသာခံစားပုံ

“မဂ်ကိုလိုလျှင်၊ ဖိုလ်နှင့်မေး” ဆိုသော စကားအတိုင်း မဂ်သို့ ဆိုက်ရောက်သော ပုဂ္ဂိုလ်သည် ဖိုလ်ပုဂ္ဂိုလ်အဖြစ်သို့ မကြာမတင် ဆောလျင်စွာ ဆိုက်ရောက်ရမည် အမှန်ဖြစ်သည်။


ကျောက်စာတော်ကြီး (ဇ)။     ။ မိမိရရှိသော ဖိုလ်ချမ်းသာကို၊ ခံစားပုံ ဝင်စားပုံမှာ ဤသို့တည်း။
တပါးသော အာရုံ၌ စိတ်မမွေ့လျော်ခြင်း၊ သုံးဆယ့်တစ်ဘုံအတွင်း၌ မမွေ့လျော်သော စိတ်ရှိခြင်း၊ အပေါင်းအဖော်တို့မရှိသော နေရာ၌ နေလိုသော စိတ်ရှိခြင်း၊ ထိုဖိုလ်စိတ်ဖြင့် နိဗ္ဗာန်အာရုံကိုသာ အဖန်တလဲလဲ အာရုံရှိနေခြင်း၊ တစ်ခုတည်းသော တည်နေရာ၌ မှီခိုတွယ်တာလိုသော စိတ်ရှိခြင်း၊ ထိုထက် လွန်မြောက်သော တရားဧကန်မရှိဟု သိနေခြင်း၊ ပစ္စုပ္ပန်ဘဝ၌ ရူပါရုံစသော အာရုံတို့ကို ကပ်ငြိတွယ်တာစရာ ဘာတစ်ခုမှ အစအနမရှိ ကင်းစင်ပြတ်တောက်သော စိတ်ရှိခြင်း၊ ဖိုလ်ခံစားခြင်း၊ ကိစ္စမှတပါး လွန်မြောက်သော တရားထူးတရားမြတ် မရှိဟု ဧကန်စွဲမြဲသော သမ္မာအယူမှန်ရှိနေခြင်းကြောင့် “တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ စသည်ကြာစေတတည်း” ဟုအဓိဋ္ဌာန် နှလုံးသွင်းပြီး မိမိအားထုတ်မြဲဖြစ်သော ဖြစ်ပျက်မှုကို ရှုမှတ်ပွားများသောအခါ ရှုရင်း မှတ်ရင်း ပွားများရင်း မကြာခင် အဖြစ်အပျက်တရားတွေ ချုပ်ဆုံးကာ ဖြတ်ခနဲ ကင်းပြတ်သွားလျက် ငါးပါးသော အာရုံတွေ မဝင်မကပ်နိုင်ဘဲ မိမိတို့ ရှိပြီးသော ဖိုလ်စိတ်သည် နိဗ္ဗာန်ချမ်းသာ၌သာ မွေ့လျော်၊ နိဗ္ဗာန်အာရုံ၌သာလျှင် အာရုံရှိနေခြင်းကို ဖလသမာပတ်ဝင်စားသည်။ ဖိုလ်ချမ်းသာခံစားသည်။ ဖိုလ်ဇောတွေ အဆက်မပြတ် ဒလစပ် စော၍နေသည်ဟု မှတ်ရမည်။ ထို့ကြောင့် (နိဗ္ဗုတိဘုဉ္စမာနာ) ဖိုလ်စိတ်ဖြင့် နိဗ္ဗာန်ချမ်းသာကို ခံစား၍နေသည် ဟူ၍လည်းကောင်း (နိဗ္ဗာနသစ္ဆိကိရိယာ) ဖိုလ်စိတ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြု၍ နေသည်ဟူ၍လည်းကောင်း ခေါ်ဆိုရပေသတည်း။


အထက်ဖိုလ်သို့ တက်လှမ်းလိုပါက

အောက်မဂ် အောက်ဖိုလ်ကို ရရှိပြီးသော ပုဂ္ဂိုလ်သည် မိမိရရှိပြီးသော ဖိုလ်ကို သမာဓိအရှိန်ကောင်းသလောက် (ဇိမ်)ယူခံစားနေပြီးသော ဖိုလ်နောက်က ပစ္စဝေက္ခဏာဉာဏ်ဖြင့် သုံးသပ်ကာ နေလိမ့်မည်။ ၎င်းဉာဏ်နောက်မှ ဝိတက်တရားတို့သည် တဖွားဖွား ပေါ်လာတတ်၏။ ထိုသို့ တဖွားဖွားပေါ်လာသော ဝိတက်စသော ရုပ်၊နာမ်သင်္ခါရတရားတို့၏ ဖြစ်မှုပျက်မှုတို့ကို ရှေးကနည်းအတိုင်း ဆင်ခြင်သည်ရှိသော် တဖန် သင်္ခါရရုပ်နာမ်တို့ ချုပ်ငြိမ်း၍ သောတာပတ္တိမဂ်သို့ ရောက်သည့်နည်းအတိုင်း အထက်မဂ် - အထက်ဖိုလ်ဇောတွေစော၍ အထက်မဂ် အထက်ဖိုလ် အသီးသီးသို့ ဆိုက်ရောက်ရ မျက်မှောက်ပြုကြရလေတော့၏။

တနည်းမှာလဲ ရှေ့မဂ်သို့ မတက်ပါဘဲ ရရှိပြီးဖိုလ်၌သာလျှင် ပြန်၍ကပ်နေသည်ရှိသော် ထိုဖိုလ်ကို မစံစားဘဲ ကလျာဏပုထုဇဉ်များကဲ့သို့ ပေါ့ပေ့ါဆဆနေလျက် -


ကျောက်စာတော်ကြီး (ဈ)။     ။ ပစ္စည်းရှာမှီးခြင်း၊ ထင်းပေါက်ရေခပ်စသော အမှုကြီးငယ်တို့ကို ဆောင်ရွက်ကာ မေ့မေ့လျော့လျော့ (၇)ရက်လောက် နေရမည်။ ထိုသို့နေခြင်းကြောင့် ရရှိပြီးသော မဂ်သည် ပျောက်ကွယ်သွားသည်မဟုတ်၊ ထိုနေသော ရက်စေ့သောအခါ ကောင်းမွန်စွာ ရေမိုးချိုး၍ ကိုယ်လက်တို့ကို သန့်ရှင်းအောင် ပြုပြင်ပြီးလျှင် ဟောင်းနွမ်းနေပြီးသော ပုဆိုး၊ အင်္ကျီ၊ ထမီ စသည်တို့ကို မလိုချင် အသုံးမဝင်သည့်အတွက် ပစ်ထားလေသကဲ့သို့၊ အောက်မဂ်၊ အောက်ဖိုလ်တို့ကို မလိုချင် မနှစ်သက်သည့်အလား စွန့်ပစ်ထားပြီးလျှင် “အထက်-အထက် မဂ်ဖိုလ်ကို အရယူတော့အံ့” ဟုနှလုံးသွင်းကာ ဥဒယဗ္ဗဉာဏ် ဖြစ်ပျက်ခြင်းကစ၍ ရုပ်၊နာမ်၊သင်္ခါရတရားတို့ကို ပွားများသမျှ အားထုတ်ခြင်းပြုသည်ရှိသော် ရှေ့နည်းအတိုင်း အထက်မဂ် အထက်ဖိုလ်သို့ ကူးပြောင်းသွားလိမ့်မည်။ ဤညွှန်ပြခဲ့သော နည်းအတိုင်း အားထုတ်သွားပါက အရဟတ္တဖိုလ်တိုင်အောင် ကူးမြောက် ရရှိလိမ့်မည် ဖြစ်လိမ့်သတည်း။


အကျဉ်းမှတ်သားရန်

ကိလေသာဝဋ်၊ ကံဝဋ်စီမံ၊
ဝိပါတ်ဝဋ်မျိုး၊ အကျိုးပေါ်ပြန်။
သံသာစက်ဝဲ၊ ထွက်ဖဲလည်ဟန်၊
ဆီဆုံကြီး၊ ပုံနည်းတူဘိဟန်။

ပဋိစ္စဓာတ်၊ ရဟတ်သဘွယ်၊
အဆက်ဖြတ်ဖို့၊ မပြတ်ကြံရွယ်။
တဏှာသဘော၊ မက်မောကိုပါယ်၊
တဏှာပြုတ်၊ အဟုတ်ရလိမ့်မယ်။

တဏှာပြုတ်ရေး၊ ဉာဏ်တွေးဆင်ခြင်၊
ဝေဒနာချုပ်၊ သူပြုတ်မည်ပင်။
ကြိုးစားဉာဏ်ရှိ၊ သတိတည်အင်၊
နာရီပိုင်း၊ မဆိုင်းနိဗ္ဗာန်ဝင်။

ချုပ်မှ-ငြိမ်းမှ၊ ဒိဋ္ဌချမ်းသာ၊
ဖြစ်ကြ-ပျက်ကြ၊ လုံးဝမပါ၊
သန္တိသုခ၊ ဧကဓမ္မာ၊ ခန္ဓာငြိမ်း၊
ဇာတ်သိမ်းပြည်နိဗ္ဗာ။


ဆရာတော်ဘုရားကြီး၏ တိုက်တွန်းချက်

မြတ်စွာဘုရားသခင်သည် ခန္ဓဝဂ္ဂသံယုတ်၊ ပုပ္ဖဝဂ်၊ နခသီခသုတ်၌ လည်းကောင်း၊  မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဒီဃနခသုတ္တန်၌ လည်းကောင်း၊ အနတ္တလက္ခဏသုတ်၌ လည်းကောင်း၊ မဟာသတိပဋ္ဌာနသုတ်၌ လည်းကောင်း၊ များစွာသော သုတ္တန်တို့၌ ဝေဒနာကမ္မဋ္ဌာန်းကို ဟောကြားတော်မူသည်။ ဝေဒနာကမ္မဋ္ဌာန်းဖြင့် ကျွတ်တမ်းဝင်သူတို့မှာ ဒီဃနခသုတ္တန်၌ ရှင်သာရိပုတ္တရာ၊ ၎င်း၏တူ ဒီဃနခပုရဗိုဇ်၊ အနတ္တလက္ခဏသုတ်၌ ပဉ္စဝဂ္ဂီငါးဦး၊ တိဿမထေရ်၊ မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းယူသွားသော ရဟန်းသုံးဆယ် ဤသို့စသည်ဖြင့် ပါဠိတော် အဋ္ဌကထာများ၌ ဝေဒနာကမ္မဋ္ဌာန်းဖြင့် ဟောကြားဖွင့်ပြခဲ့သော ကျွတ်တမ်းဝင်ပုံများကို ယုံကြည်လေးစား သဒ္ဓါတရား အထူးပွားကာ ညွှန်ကြားပြသခဲ့သော ဝေဒနာနုပဿနာ တရားတော်လမ်းစဉ်ကို လေ့လာပွားများလျက် ဝေဒနာကို ပယ်ခွာလွန်မြောက်ပြီး တွေ့ခဲ့-မြင်ခဲ-ကြုံခဲ-ရခဲသော တရားထူးတရားမြတ်ကို ဆိုက်ရောက်အောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။

ဤတွင် အကျဉ်းညွှန်ပြချက်ပြီး၏။

No comments:

Post a Comment