ပြည်မြို့ သန္ဓေပင်ရပ်၊နန္ဒဝန် ဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဦးဝိသုဒ္ဓစာရ၏ ထေရုပတ္တိအကျဉ်းချုပ်




နန္ဒဝန်ဆရာတော်ဘုရားကြီး၏ ထေရုပတ္တိအကျဉ်းချုပ် 

၁။ ဆရာတော်ဘုရားကြီးဖြစ်မည့် အလောင်းအလျာတော်သည် ပဋိသန္ဓေ တည်စဉ် မယ်တော်၌ ဖြူဖွေးနုနယ်၊ ရှုချင်စဖွယ်ရှိသော ကြာပင်များသည် ကိုယ်၏အတွင်းမှ အပြင်သို့ထွက်သည်ကို လူအများဝိုင်းအုံကြည့်ရှုရသည်ဟု အိမ်မက်မြင်မက်တော်မူခြင်း။

၂။ သက္ကရာဇ် ၁၂၆၀ ပြည့်နှစ်၊ ပြာသိုလဆန်း(၁၅)ရက်၊ နန်းတော်ကုန်းရပ်၊ ဗုဒ္ဓဟူးနေ့နံနက်စက် (၁၁)နာရီအချိန် ဓနုဖြူမြို့၊ အဘ ဦးဘိုးကြူ၊ အမိ ဒေါ်ရွှေအိတို့မှ ဖွားမြင်တော်မူခြင်း။

၃။ သာသနာသက္ကရာဇ် ၂၄၇၂ခု၊ ကောဇာသက္ကရာဇ် ၁၂၉၀ပြည့်နှစ်၊ တပို့တွဲလပြည့်ကျော် (၂)ရက်နေ့တွင် ရဟန်းအဖြစ်သို့ ရောက်တော်မူခြင်း။

၄။ ပထမ ဓနုဖြူမြို့မှစ၍ စလေမြို့ဥမှင်ဂူ၌ တစ်ဝါသီတင်းသုံးပြီး မန္တလေး၊ စစ်ကိုင်း၊ ကျိုက်ထို၊ သထုံစသော ဆိပ်ငြိမ်ရာ အရပ်များကိုရှာဖွေသော် နောက်ဆုံး ပြည်မြို့ ဆေးရိုးချောင်သို့ ၁၂၉၅ ခုနှစ်၊ နတ်တော်လဆန်း (၆)ရက်နေ့တွင် ရောက်၍ သီတင်းသုံးနေတော်မူခြင်း။





အိမ်မက်ကြီးလေးမျိုး မြင်မက်တော်မူပုံ


(က) ဆရာတော်ဘုရားကြီးသည် ဆေးရိုးချောင်၌ သီတင်းသုံးနေတော်မူစဉ် မိမိ၏ ဝမ်းဗိုက်မှ ရွှေတောင်ကြီးပေါက်လာသည်ကို အများ ဒါယကာ-ဒါယကာမတို့အား ပေးရသော်လည်း လျော့သည်မရှိ၊ အရောင်တောက်လျက်ပင်ရှိသည်ဟု မြင်မက်တော်မူခြင်း။

(ခ) မိမိ၏ ဝမ်းဗိုက်တော်မှ အူများထွက်၍ ပြည်မြို့ကို ပတ်နေသည်ဟု မြင်မက်တော်မူခြင်း။

(ဂ) ဆွမ်းခံကြွတော်မူရာ ရွှေဆံတော်ဘုရားကြီး၏ မြောက်ဘက် ကျောက်ထီးကြီး အနီးအရောက်တွင် အရပ်လေးမျက်နှာမှ ပိုးလောက်လန်း အရောင်မျိုးစုံတို့သည် ဝိုင်းအုံ၍ တက်ကြရာ၊ လက်ရုံးတော်ရောက်သည်နှင့် တပြိုင်နက် အားလုံးသော ပိုးလောက်လန်းတို့သည် ဖြူဖွေးလျက် အသေတွေချည်း ဖြစ်ကုန်သည်ဟု မြင်မက်တော်မူခြင်း။

(ဃ) ဒါယကာကြီးတစ်ယောက် ရောက်လာပြီး အရှင်ဘုရား အသုဘအလောင်းတစ်ခု မည်သူမျှ မ မရ၊ ချီမရ ဖြစ်နေပါသည်။ ကြွရောက်တော်မူပါဘုရားဟု လျှောက်ထားရာ ကြွသွားပြီး အလောင်းကို ခွ၍စီးလိုက်လျှင် အလောင်းနှင့်တကွ နောက်ပါ ပရိတ်သတ်ပါ ကောင်းကင်သို့ ပျံတက်၍ သုသာန်သင်္ချိုင်းသို့ ကျရောက်ပြီး ဆရာတော်ကြီးက မီးသြင်္ဂိုလ်လေသော် အလောင်းနှင့်တကွ ပရိသတ်ပါ ပြာဖြစ်၍ ဖြူဖွေးသော အရောင်ဖြစ်သည်ကို မြင်မက်တော်မူခြင်း။






တရားထူးရတော်မူသော လ၊ ရက်၊ အချိန်

(က) ပထမ မဂ်-ဖိုလ်ကို ၁၃၁၃ ခုနှစ်၊ တပေါင်းလဆန်း (၁၄)ရက်နေ့၊ နေ့လည် (၃)နာရီ အချိန်ခန့်၌ ရရှိတော်မူခြင်း။

(ခ) ဒုတိယ မဂ်-ဖိုလ်ကို အထက်ပါ ခုနှစ်၊လ၊ရက်တို့၏ (၅)နာရီအချိန်ခန့်၌ လိုဏ်ဂူအတွင်း ရရှိတော်မူခြင်း။

(ဂ) တတိယ မဂ်-ဖိုလ်ကို ၁၃၁၈ခုနှစ်၊ နတ်တော်လဆန်း (၆)ရက်နေ့ နေ့လည် (၄)နာရီအချိန်ခန့်၌ ရရှိတော်မူခြင်း။

(ဃ) စတုတ္ထ မဂ်-ဖိုလ်ကို ၁၃၁၈ခုနှစ်၊ နတ်တော်လဆန်း (၆)ရက်နေ့ ညဉ့်(၁၂)နာရီအချိန်၌ ရရှိတော်မူခြင်း။
စတုတ္ထ မဂ်-ဖိုလ်ကို ရရှိတော်မူပြီးနောက် ဗြဟ္မာကြီးနှစ်ယောက် အင်္ဂါထောင့်အရပ်မှ ဒူးထောက်လျက် ဦးတိုက်ရှိခိုးနေစဉ် ဗြဟ္မာ၏ အရောင်နှင့် မိမိ၏ ကိုယ်ရောင်ကို မြင်ရခြင်း၊ ရှေးအတိတ်ဖြစ်စဉ်ကို သိမြင်တော်မူခြင်း အစရှိသည်ကို ဆင်ခြင်တော်မူပြီး အထူးဝမ်းသာမိကြောင်းကို မိန့်တော်မူလေသတည်း။





ရှေးအတိတ်ဖြစ်စဉ်ကို သိမြင်တော်မူပုံ

(က) ကကုဿ      ာန်ဘုရားရှင်အား ဆင်းရဲသား လယ်သမားအဖြစ် သားပြွမ်းစား တစ်ထပ်စာနှင့် ပေါ်ပလင်အရောင် ပိုးခါးပန်းကြိုးနှစ်ချောင်းကို လှူဒါန်းပြီး (သစ္စာလေးပါးတရားကို ရဟန်းသာဝကအဖြစ်နှင့် သိရပါလို၏ … ဘုရား) ဟုဆုတောင်းရာ နောင်ဂေါတမဘုရားရှင် သာသနာတော်နောက်ပိုင်း၌ သင်လိုသောဆုပြည့်လိမ့်မည်ဟု ဗျာဒိတ်စကား မိန့်ကြားသည်ကို သိမြင်တော်မူခြင်း။

(ခ) ကောဏဂုံဘုရားရှင်၏ သာသနာနောက်ပိုင်းတွင် ထင်းခွေသမား ဆင်းရဲသားအဖြစ်နှင့် တောနေရဟန္တာတစ်ပါးအား လေးတိုင်စင် ရေခတက်သား ဖက်မိုးကာကျောင်းနှင့် ဆွမ်းဘောဇဉ်တို့ကို ဆွေမျိုးညာတကာ အပေါင်းစုဆောင်းပြီး လှူဒါန်းဆုတောင်းသည်ကို သိတော်မူခြင်း။

(ဂ) ကဿ      ပဘုရားရှင် ပရိနိဗ္ဗာန်စံပြီး သာသနာ့နောက်ပိုင်း၌ ညီအစ်ကိုမောင်နှမ (၁၀)ယောက်ရှိရာ အစ်မကြီးနှင့် အစ်ကိုငယ်တို့၏ တိုက်တွန်းချက်အရ ရဟန္တာအရှင်မြတ်များထံတွင် ရှင်သာမဏေ(၇)ရက်ဝတ်၍ ဆွမ်းခံလှူဒါန်းခဲ့ခြင်း။

(ဃ) ဂေါတမဘုရားရှင်လက်ထက်တော်အခါ ယခုသီတင်းသုံးသော ဆေးရိုးချောင်တောတောင်အတွင်း ခြသေ့ၤမင်း လေးကြိမ်ဖြစ်ခဲ့ခြင်း၊ ဝိသာခါ၏ မြေးဖြစ်ခဲ့ခြင်း၊ ဟိန္ဒူကုလားမ ဖြစ်ခဲ့ခြင်းစသော ဖြစ်စဉ်များကို သိမြင်တော်မူသည်။





ဤသို့ ထူးဆန်းအံ့သြဘွယ်ရာ အဖြာဖြာတို့နှင့် ပြည့်စုံတော်မူသော ဆရာတော်ဘုရားကြီးသည် ကောဇာသက္ကရာဇ် ၁၃၂၃ခုနှစ်၊ တပို့တွဲလဆန်း (၁၄)ရက်၊ တနင်္ဂနွေနေ့ ညဉ့်(၇)နာရီ မိနစ်(၂၀)အချိန်တွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျက် တောင်ဘက်သို့ မျက်နှာမူပြီး ကမ္မဇရုပ် ချုပ်ငြိမ်း၍ ခန္ဓာဇာတ်သိမ်းတော်မူသည် ဖြစ်ပါကြောင်း။

ထိုဆရာတော်ဘုရားကြီး၏ အလောင်းတော် ရုပ်ကလာပ်ကို ဆေးရိုးချောင်တောင်ပေါ်ရှိ အုဋ္ဌ်တိုက်စံကျောင်းတွင် ယနေ့တိုင်အောင် မှန်ခေါင်းအတွင်း၌ ထင်လင်းစွာ ထားရှိသည်ကို ဖူးမျှော်လိုပါက နန္ဒဝန်ဓမ္မရိပ်သာကျောင်း၌ စုံစမ်းမေးမြန်းနိုင်ပါကြောင်း။


No comments:

Post a Comment